C.O.D.E အခန်း ၅ — ဝေးကွာခြင်းသည် သတင်းစကားတို့၏ နယ်နိမိတ်မဟုတ်
လျှပ်စစ် signal တစ်ခုကို ဝါယာကြိုးတွေပေါ်ကနေ အဝေးကိုပို့ရင်း အကွာအဝေး၊ resistance နဲ့ ဆက်သွယ်ရေးရဲ့ ကန့်သတ်ချက်တွေကို တွေ့လာမယ်။
ဝေးကွာခြင်းသည် သတင်းစကားတို့၏ နယ်နိမိတ်မဟုတ်
မင်းအသက် ၁၂ နှစ်ရှိပြီ။ ဆိုးရွားလှတဲ့ တစ်နေ့မှာ မင်းရဲ့အချစ်ဆုံးသူငယ်ချင်းမိသားစုက တခြားမြို့တစ်မြို့ကို ပြောင်းသွားတယ်။ အခုလည်း သူငယ်ချင်းဆီ ရံဖန်ရံခါ email ပို့၊ စာပို့ကြပေမယ့် ညနက်နက်မှာ ဓာတ်မီးတွေ တဖျတ်ဖျတ်ဖွင့်ပိတ်ပြီး Morse code ပို့ခဲ့ကြသလောက် စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူး။ မင်းဘေးအိမ်မှာနေတဲ့ ဒုတိယအချစ်ဆုံးသူငယ်ချင်းက နောက်ဆုံးတော့ အချစ်ဆုံးသူငယ်ချင်းအသစ် ဖြစ်လာတယ်။ သူ့ကို Morse code သင်ပေးပြီး ညနက်နက် ဓာတ်မီးအချက်ပြပွဲတွေ ပြန်စဖို့ အချိန်ရောက်ပြီ။
ပြဿနာက မင်းရဲ့အချစ်ဆုံးသူငယ်ချင်းအသစ် အိပ်ခန်းပြတင်းပေါက်ဟာ မင်းအိပ်ခန်းပြတင်းပေါက်နဲ့ မျက်နှာချင်းမဆိုင်ဘူး။ အိမ်နှစ်လုံးက ဘေးချင်းကပ်နေပေမယ့် အိပ်ခန်းပြတင်းပေါက်တွေက တစ်ဘက်တည်းကို မျက်နှာမူနေတယ်။ အပြင်မှာ မှန်နည်းနည်းကို တစ်နည်းနည်းနဲ့ ဆင်ထားနိုင်မှသာ အမှောင်ကျပြီးနောက် ဓာတ်မီးနဲ့ ဆက်သွယ်လို့ရတော့မယ်။
ဒါမှမဟုတ်… ဓာတ်မီးတွေက တကယ်ပဲ အသုံးမဝင်တော့ဘူးလား။
ဒီအချိန်လောက်ဆို လျှပ်စစ်အကြောင်း နည်းနည်းသိလာပြီဖြစ်လို့ battery၊ မီးလုံး၊ switch နဲ့ ဝါယာကြိုးတွေသုံးပြီး ကိုယ်ပိုင်ဓာတ်မီးတွေ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပထမဆုံးစမ်းသပ်မှုမှာ battery နဲ့ switch ကို မင်းအိပ်ခန်းထဲမှာ ဝါယာချိတ်ထားမယ်။ ဝါယာကြိုးနှစ်ချောင်းက မင်းပြတင်းပေါက်ကနေ ထွက်၊ ခြံစည်းရိုးကို ကျော်ပြီး သူငယ်ချင်းအိပ်ခန်းထဲ ဝင်သွားကာ အဲဒီက မီးလုံးနဲ့ ချိတ်ဆက်ထားမယ်။

ဒီနေရာကစပြီး ပတ်လမ်းပုံတွေကို လက်တွေ့ပုံစံအတိုင်းထက် သင်္ကေတတွေနဲ့ ပိုပြီးပြမယ်။ ပုံထဲမှာ battery တစ်လုံးတည်း ပြထားပေမယ့် လက်တွေ့မှာတော့ နှစ်လုံးသုံးနေနိုင်တယ်။ ဒီပုံနဲ့ နောက်ကပုံတွေမှာ switch off ဒါမှမဟုတ် open ဖြစ်နေရင် ဒီလိုပြမယ်။

Switch on ဒါမှမဟုတ် closed ဖြစ်နေရင်တော့ ဒီလိုပြမယ်။

ဒီအခန်းထဲက ဓာတ်မီးဟာ ပြီးခဲ့တဲ့အခန်းမှာ ပြခဲ့တဲ့ ဓာတ်မီးနဲ့ အလုပ်လုပ်ပုံတူတယ်။ ကွာတာက အစိတ်အပိုင်းတွေကို ဆက်ထားတဲ့ ဝါယာကြိုးတွေ နည်းနည်းပိုရှည်လာတာပဲ။ မင်းဘက်က switch ကို closed လုပ်လိုက်တဲ့အခါ သူငယ်ချင်းအိမ်က မီးလုံး လင်းလာမယ်။

အခုဆို Morse code သုံးပြီး စာပို့လို့ရပြီ။
ဓာတ်မီးတစ်လက် အလုပ်လုပ်ပြီဆိုတာနဲ့ သူငယ်ချင်းကလည်း မင်းဆီ စာပြန်ပို့နိုင်အောင် နောက်ထပ် အဝေးသုံးဓာတ်မီးတစ်လက်ကို ဝါယာချိတ်နိုင်တယ်။

ဂုဏ်ယူပါတယ်။ အခုလေးတင် နှစ်ဘက်အပြန်အလှန် ဆက်သွယ်နိုင်တဲ့ bidirectional telegraph system တစ်ခုကို တည်ဆောက်ပြီးသွားပြီ။ ဒီမှာ ပုံစံတူပတ်လမ်းနှစ်ခုရှိပြီး တစ်ခုနဲ့တစ်ခု လုံးဝသီးခြား အလုပ်လုပ်ကြတာ သတိထားမိမယ်။ သီအိုရီအရ မင်းက သူငယ်ချင်းဆီ စာပို့နေချိန်မှာ သူငယ်ချင်းကလည်း မင်းဆီ တစ်ပြိုင်နက် စာပို့လို့ရတယ်။ ဒါပေမယ့် လူ့ဦးနှောက်အတွက် စာဖတ်ရင်း တစ်ချိန်တည်း စာပို့ဖို့တော့ ခက်နိုင်တယ်။
အိမ်နှစ်လုံးကြား အကွာအဝေးကို ဖြတ်ပြီးသွားတဲ့ ဝါယာကြိုး ဒီလောက်အများကြီး မလိုဘူးဆိုတာ ရှာတွေ့လောက်အောင် မင်းဉာဏ်ကောင်းနေနိုင်တယ်။ ပတ်လမ်းကို ဒီပုံအတိုင်း ချိတ်လိုက်ရင် ဝါယာကြိုးလေးချောင်းထဲက တစ်ချောင်းကို ဖယ်လို့ရတယ်။

ဒီစာအုပ်ထဲမှာ ဝါယာကြိုးနှစ်ချောင်း တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတဲ့နေရာကို အစက်ကလေးတစ်စက်နဲ့ ပြမယ်။ ဒီပုံမှာ အဲဒီလိုချိတ်ဆက်နေရာ နှစ်ခုရှိတယ်။ တစ်ခုက မင်းအိမ်က battery အောက်မှာရှိပြီး နောက်တစ်ခုက သူငယ်ချင်းအိမ်က မီးလုံးအောက်မှာ ရှိတယ်။
Battery နှစ်လုံးရဲ့ negative terminal တွေ အခု ချိတ်ဆက်ထားတာကို သတိထားကြည့်ပါ။ စက်ဝိုင်းပုံပတ်လမ်းနှစ်ခုစလုံး—battery ကနေ switch၊ မီးလုံး၊ ပြီးတော့ battery ဆီပြန်တဲ့လမ်း—အခု တစ်နေရာမှာ ပူးဆက်နေကြပေမယ့် တစ်ခုနဲ့တစ်ခု သီးခြားပဲ အလုပ်လုပ်နေဆဲပါ။
ပတ်လမ်းနှစ်ခုကြားက ဒီချိတ်ဆက်မှုကို common လို့ခေါ်တယ်။ ဒီပတ်လမ်းမှာ common က ဝါယာချိတ်ဆက်ထားတဲ့ အစက်နှစ်စက်ကြားမှာ ရှိတယ်။ ဘယ်ဘက်အစွန်ဆုံး မီးလုံးနဲ့ battery ဆက်ထားတဲ့နေရာကနေ ညာဘက်အစွန်ဆုံး မီးလုံးနဲ့ battery ဆက်ထားတဲ့နေရာအထိပဲ။
ဒီထဲမှာ ထူးထူးဆန်းဆန်း လှည့်ကွက်တစ်ခုမှ မရှိကြောင်း သေချာအောင် အနီးကပ်ကြည့်ရအောင်။ အရင်ဆုံး မင်းဘက်က switch ကို closed လုပ်လိုက်တဲ့အခါ သူငယ်ချင်းအိမ်က မီးလုံး လင်းလာတယ်။ အနီရောင်ဝါယာကြိုးတွေက ပတ်လမ်းထဲမှာ လျှပ်စစ်စီးနေတဲ့လမ်းကို ပြထားတယ်။

ပတ်လမ်းရဲ့ တခြားအပိုင်းမှာတော့ လျှပ်စစ်မစီးဘူး။ Electron တွေ ပတ်လမ်းအပြည့်ဖြစ်အောင် ဆက်သွားစရာလမ်း မရှိလို့ပဲ။
မင်းက စာမပို့ဘဲ သူငယ်ချင်းက ပို့နေတဲ့အခါ သူငယ်ချင်းအိမ်က switch က မင်းအိမ်က မီးလုံးကို ထိန်းချုပ်တယ်။ ဒီတစ်ခါလည်း အနီရောင်ဝါယာကြိုးတွေက ပတ်လမ်းထဲ လျှပ်စစ်ဘယ်လိုစီးသလဲ ပြထားတယ်။

မင်းနဲ့သူငယ်ချင်း နှစ်ယောက်စလုံး တစ်ချိန်တည်း စာပို့ကြည့်တဲ့အခါ တစ်ခါတလေ switch နှစ်ခုစလုံး open ဖြစ်နေမယ်။ တစ်ခါတလေ တစ်ခုက closed ဖြစ်ပြီး နောက်တစ်ခုက open ဖြစ်နေမယ်။ တစ်ခါတလေတော့ နှစ်ခုစလုံး closed ဖြစ်နေမယ်။ Switch နှစ်ခုစလုံး closed ဖြစ်တဲ့အခါ ပတ်လမ်းထဲက လျှပ်စစ်စီးပုံက ဒီလိုဖြစ်မယ်။

စိတ်ဝင်စားစရာက မီးလုံးနှစ်လုံးစလုံး လင်းနေချိန်မှာ ပတ်လမ်းရဲ့ common အပိုင်းထဲ current လုံးဝမစီးဘူး။
သီးခြားပတ်လမ်းနှစ်ခုကို common သုံးပြီး ပတ်လမ်းတစ်ခုအဖြစ် ဆက်လိုက်တာကြောင့် အိမ်နှစ်လုံးကြား လျှပ်စစ်ချိတ်ဆက်ဖို့ ဝါယာကြိုးလေးချောင်းကနေ သုံးချောင်းအထိ လျှော့နိုင်ခဲ့တယ်။ ဝါယာကြိုးကုန်ကျစရိတ်လည်း ၂၅ ရာခိုင်နှုန်း လျော့သွားတယ်။
ဝါယာကြိုးတွေကို အလွန်ဝေးတဲ့နေရာအထိ ဆွဲရမယ်ဆိုရင် နောက်ထပ်တစ်ချောင်း ဖယ်ပြီး ကုန်ကျစရိတ် ထပ်လျှော့ချင်လာနိုင်တယ်။ ကံမကောင်းတာက ၁.၅-volt D cell တွေနဲ့ မီးလုံးသေးသေးတွေသုံးရင် ဒီနည်းက အလုပ်မဖြစ်နိုင်ဘူး။ ဒါပေမယ့် ၁၀၀-volt battery တွေနဲ့ အများကြီးပိုကြီးတဲ့ မီးလုံးတွေ သုံးနေရင်တော့ တကယ်လုပ်လို့ရတယ်။
လှည့်ကွက်က ဒီလိုပါ။ ပတ်လမ်းနှစ်ခုအတွက် common အပိုင်းတစ်ခု တည်ဆောက်ပြီးသွားရင် အဲဒီနေရာမှာ ဝါယာကြိုးကိုပဲ သုံးစရာမလိုတော့ဘူး။ ဝါယာကြိုးအစား တခြားအရာတစ်ခုနဲ့ အစားထိုးနိုင်တယ်။ အစားထိုးမယ့်အရာက အချင်း မိုင် ၇၉၀၀ လောက်ရှိပြီး သတ္တု၊ ကျောက်၊ ရေ၊ ပြီးတော့ အများစုက သေဆုံးပြီးသားဖြစ်တဲ့ ဇီဝပစ္စည်းတွေနဲ့ ဖွဲ့ထားတဲ့ ဧရာမစက်လုံးကြီးတစ်လုံးပါ။ အဲဒီဧရာမစက်လုံးကို ကမ္ဘာလို့ ခေါ်ကြတယ်။
ပြီးခဲ့တဲ့အခန်းမှာ conductor ကောင်းတွေအကြောင်း ပြောတုန်းက ငွေ၊ ကြေးနဲ့ ရွှေကို ပြောခဲ့ပေမယ့် ကျောက်စရစ်နဲ့ သစ်ရွက်ဆွေးတော့ မပါခဲ့ဘူး။ တကယ်တော့ မြေကြီးဟာ conductor သိပ်ကောင်းတာမဟုတ်ဘူး။ ဒါပေမယ့် စိုစွတ်တဲ့မြေလို မြေအမျိုးအစားတချို့က ခြောက်သွေ့တဲ့သဲလို တခြားအမျိုးအစားတွေထက် ပိုကောင်းတယ်။ Conductor တွေအကြောင်း သိထားတာတစ်ခုက အရွယ်ကြီးလေလေ ပိုကောင်းလေလေဆိုတာပါ။ အလွန်ထူတဲ့ ဝါယာကြိုးက အလွန်ပါးတဲ့ကြိုးထက် လျှပ်စစ်ကို ပိုကောင်းကောင်း သယ်ပေးတယ်။ ဒီနေရာမှာတော့ ကမ္ဘာက အားသာချက်ကြီးကြီးမားမားရှိတယ်။ ကမ္ဘာက တကယ်၊ တကယ်၊ တကယ် ကြီးလို့ပဲ။
မြေကြီးကို conductor အဖြစ်သုံးဖို့ ခရမ်းချဉ်သီးပင်ဘေးက မြေထဲ ဝါယာကြိုးလေး ထိုးထားရုံနဲ့ မရဘူး။ မြေကြီးနဲ့ ထိတွေ့နေတဲ့နေရာ ကျယ်ကျယ်ရှိမယ့် conductor တစ်ခု လိုတယ်။ ကောင်းတဲ့နည်းတစ်ခုက အနည်းဆုံး ၈ ပေရှည်ပြီး အချင်း ½ လက်မရှိတဲ့ ကြေးတိုင်တစ်တိုင် သုံးတာပါ။ အဲဒီတိုင်က မြေကြီးနဲ့ ထိတွေ့နေတဲ့မျက်နှာပြင် ၁၅၀ စတုရန်းလက်မ ရစေတယ်။ တိုင်ကို တူကြီးနဲ့ရိုက်ပြီး မြေထဲမြှုပ်ကာ ဝါယာကြိုးတစ်ချောင်း ချိတ်လို့ရတယ်။ ဒါမှမဟုတ် အိမ်က ရေအေးပိုက်တွေကို ကြေးနဲ့လုပ်ထားပြီး အိမ်အပြင်ဘက် မြေထဲကနေ ဝင်လာတာဆိုရင် ဝါယာကြိုးကို အဲဒီပိုက်နဲ့ ချိတ်နိုင်တယ်။
မြေကြီးနဲ့ လျှပ်စစ်အရ ချိတ်ဆက်ထားတာကို အင်္ဂလန်မှာ earth လို့ခေါ်ပြီး အမေရိကမှာ ground လို့ခေါ်တယ်။ ground ဆိုတဲ့စကားလုံးက နည်းနည်းရှုပ်စရာရှိတယ်။ ကျွန်တော်တို့ common လို့ခေါ်နေခဲ့တဲ့ ပတ်လမ်းအပိုင်းကိုလည်း ground လို့ မကြာခဏ ခေါ်ကြလို့ပဲ။ ဒီအခန်းမှာတော့ တခြားအဓိပ္ပာယ်ပြောင်းသုံးမယ်လို့ မပြောမချင်း ground ဆိုတာ မြေကြီးနဲ့ တကယ်တမ်း ချိတ်ဆက်ထားတာကိုပဲ ဆိုလိုမယ်။
လျှပ်စစ်ပတ်လမ်းပုံတွေ ဆွဲတဲ့အခါ ground ကို ကိုယ်စားပြုဖို့ ဒီသင်္ကေတကို သုံးကြတယ်။

Electrician တွေက မြေထဲမြှုပ်ထားတဲ့ ၈ ပေရှည် ကြေးတိုင်ကြီးကို ပုံတိုင်းမှာ ဆွဲဖို့ အချိန်မပေးချင်ကြလို့ ဒီသင်္ကေတကို သုံးကြတာပါ။ ဒီသင်္ကေတနဲ့ ဆက်ထားတဲ့ ပတ်လမ်းကို “connected to the ground” လို့ စကားရှည်ရှည်မပြောဘဲ “connected to ground” ဒါမှမဟုတ် “grounded” လို့ ပြောတယ်။
ဒီနည်း ဘယ်လိုအလုပ်လုပ်သလဲ ကြည့်ရအောင်။ အခန်းအစမှာ တစ်ဘက်တည်းပို့နိုင်တဲ့ ဒီလိုပတ်လမ်းနဲ့ စခဲ့တယ်။

Voltage မြင့်တဲ့ battery နဲ့ မီးလုံးတွေကို သုံးနေမယ်ဆိုရင် မင်းအိမ်နဲ့ သူငယ်ချင်းအိမ်ကြားမှာ ဝါယာကြိုးတစ်ချောင်းပဲ လိုတော့မယ်။ နောက်ထပ်ချိတ်ဆက်လမ်းတစ်ခုအဖြစ် မြေကြီးကို သုံးလို့ရလို့ပဲ။

Switch ကို on လုပ်လိုက်တဲ့အခါ လျှပ်စစ်က ဒီလိုစီးမယ်။

Electron တွေက သူငယ်ချင်းအိမ်ဘက် မြေကြီးထဲကနေ ထွက်လာပြီး မီးလုံးနဲ့ ဝါယာကြိုးကို ဖြတ်သွားတယ်။ ပြီးတော့ မင်းအိမ်က switch ကို ဖြတ်ပြီး battery ရဲ့ positive terminal ထဲ ဝင်သွားတယ်။ Battery ရဲ့ negative terminal ကထွက်လာတဲ့ electron တွေကတော့ မြေကြီးထဲ ဝင်သွားတယ်။
မင်းအိမ်နောက်ဖေးမှာ မြှုပ်ထားတဲ့ ၈ ပေကြေးတိုင်ကနေ electron တွေ မြေကြီးထဲ ခုန်ဝင်ပြီး သူငယ်ချင်းအိမ်နောက်ဖေးက ၈ ပေကြေးတိုင်ဆီရောက်အောင် မြေကြီးထဲမှာ အမြန်ပြေးသွားကြတယ်လို့ စိတ်ကူးကြည့်ချင်လည်း ရတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝန်းက လျှပ်စစ်ပတ်လမ်း ထောင်ပေါင်းများစွာအတွက် မြေကြီးက ဒီအလုပ်ကို တစ်ပြိုင်နက် လုပ်ပေးနေတာ စဉ်းစားမိရင် “electron တွေက ဘယ်ကိုသွားရမလဲ ဘယ်လိုသိကြတာလဲ” လို့ မေးမိမယ်။ အဖြေက ရှင်းပါတယ်။ သူတို့မသိဘူး။ မြေကြီးကို တခြားပုံစံတစ်မျိုးနဲ့ စိတ်ကူးတာ ပိုသင့်တော်မယ်။
ဟုတ်တယ်၊ မြေကြီးဟာ လျှပ်စစ်သယ်ပေးနိုင်တဲ့ ဧရာမ conductor ကြီးတစ်ခုပါ။ ဒါပေမယ့် electron တွေ ထွက်လာနိုင်တဲ့ source တစ်ခုလိုလည်း မြင်နိုင်ပြီး electron တွေကို လက်ခံသိမ်းထားတဲ့နေရာတစ်ခုလိုလည်း မြင်နိုင်တယ်။ Electron တွေအတွက် မြေကြီးဟာ ရေစက်တွေအတွက် သမုဒ္ဒရာလိုပါပဲ။ မြေကြီးဟာ electron အကန့်အသတ်မရှိသလောက် ထွက်လာနိုင်တဲ့ source ဖြစ်သလို electron ပင်လယ်ကြီးတစ်ခုလည်း ဖြစ်တယ်။
ဒါပေမယ့် မြေကြီးမှာ resistance နည်းနည်းတော့ ရှိတယ်။ အဲဒါကြောင့် ၁.၅-volt D cell တွေနဲ့ ဓာတ်မီးမီးလုံးတွေကို သုံးကစားနေတဲ့အခါ ဝါယာကြိုးလျှော့ဖို့ earth ground ကို သုံးလို့မရတာပါ။ Voltage နိမ့်တဲ့ battery တွေအတွက် မြေကြီးရဲ့ resistance က များလွန်းတယ်။
ပြီးခဲ့တဲ့ပုံနှစ်ပုံမှာ negative terminal ကို ground နဲ့ ဆက်ထားတဲ့ battery တစ်လုံးစီ ပါတာ သတိထားမိမယ်။

ဒီကနေစပြီး ground နဲ့ချိတ်ထားတဲ့ battery ကို ထပ်မဆွဲတော့ဘူး။ အစား capital letter V ပုံစံ သင်္ကေတကို သုံးမယ်။ V က voltage ကို ဆိုလိုတယ်။ Capital V ကနေ ထွက်လာတဲ့ ဝါယာကြိုးဟာ negative terminal ကို ground နဲ့ ဆက်ထားတဲ့ battery ရဲ့ positive terminal ဆီက ထွက်လာတဲ့ ဝါယာကြိုးနဲ့ အတူတူပဲ။ တစ်ဘက်တည်းပို့နိုင်တဲ့ မီးလုံး telegraph ပုံက အခု ဒီလိုဖြစ်သွားမယ်။

V က voltage ကို ကိုယ်စားပြုပေမယ့် တစ်နည်းအားဖြင့် vacuum ကိုလည်း ကိုယ်စားပြုတယ်လို့ စိတ်ကူးလို့ရတယ်။ V ကို electron ဖုန်စုပ်စက်တစ်လုံးလို စဉ်းစားပြီး ground ကို electron သမုဒ္ဒရာလို စဉ်းစားပါ။ Electron ဖုန်စုပ်စက်က မြေကြီးထဲက electron တွေကို ပတ်လမ်းတစ်လျှောက် ဆွဲယူလာပြီး လမ်းမှာ အလုပ်လုပ်စေတယ်။ ဥပမာ မီးလုံးကို လင်းစေတာမျိုးပေါ့။
Ground ကို zero potential ရှိတဲ့နေရာလို့လည်း တစ်ခါတလေ ခေါ်တယ်။ ဒါက voltage လုံးဝမရှိဘူးလို့ ဆိုလိုတယ်။ စောစောကရှင်းပြခဲ့သလို voltage ဆိုတာ အလုပ်လုပ်နိုင်မယ့် potential ပါ။ လေထဲမှာ ချိတ်ဆွဲထားတဲ့ အုတ်ခဲတစ်လုံးက energy ထွက်လာနိုင်မယ့် potential ရှိသလိုပေါ့။ Zero potential ဆိုတာ မြေကြီးပေါ် ချထားတဲ့ အုတ်ခဲနဲ့တူတယ်။ ထပ်ကျဖို့ နေရာမကျန်တော့ဘူး။
အခန်း ၄ မှာ ပထမဆုံး သတိထားမိခဲ့တဲ့အချက်တစ်ခုက circuit တွေဟာ စက်ဝိုင်းပုံပတ်လမ်းတွေ ဖြစ်တယ်ဆိုတာပါ။ အခု ပတ်လမ်းအသစ်ကတော့ စက်ဝိုင်းပုံ လုံးဝမပေါ်ဘူး။ ဒါပေမယ့် စက်ဝိုင်းပတ်လမ်းတစ်ခု ဖြစ်နေတုန်းပဲ။ V နေရာမှာ negative terminal ကို ground နဲ့ဆက်ထားတဲ့ battery တစ်လုံး ပြန်ထည့်နိုင်တယ်။ ပြီးရင် ground သင်္ကေတတွေ့တဲ့ နေရာအားလုံးကို ဝါယာကြိုးတစ်ချောင်းနဲ့ ဆက်ဆွဲကြည့်ပါ။ ဒီအခန်းအစမှာ စခဲ့တဲ့ပုံနဲ့ အတူတူ ပြန်ရလာမယ်။
ဒါကြောင့် ကြေးတိုင်နှစ်တိုင်၊ ဒါမှမဟုတ် ရေအေးပိုက်နှစ်ခုရဲ့ အကူအညီနဲ့ မင်းအိမ်နဲ့ သူငယ်ချင်းအိမ်ကြား ခြံစည်းရိုးကိုဖြတ်သွားတဲ့ ဝါယာကြိုးနှစ်ချောင်းတည်းနဲ့ နှစ်ဘက်ပို့နိုင်တဲ့ Morse code system တစ်ခု ဆောက်လို့ရတယ်။

ဒီပတ်လမ်းဟာ မူရင်းစာအုပ် စာမျက်နှာ ၃၃ မှ ၃၄ အတွင်း ပြခဲ့တဲ့ အိမ်နှစ်လုံးကြား ခြံစည်းရိုးကို ဝါယာကြိုးသုံးချောင်း ဖြတ်သွားတဲ့ပုံစံနဲ့ လုပ်ဆောင်ပုံ အတူတူပဲ။ ဒါပေမယ့် voltage မြင့်တဲ့ battery နဲ့ မီးလုံးတွေသုံးမှသာ အလုပ်လုပ်မယ်။
ဒီအခန်းမှာ ဆက်သွယ်ရေး တိုးတက်ပြောင်းလဲလာတဲ့လမ်းပေါ် အရေးပါတဲ့ခြေလှမ်းတစ်လှမ်း လှမ်းခဲ့ပြီးပြီ။ အရင်က Morse code နဲ့ ဆက်သွယ်နိုင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် တည့်တည့်မြင်ရတဲ့ လမ်းကြောင်းတစ်လျှောက်မှာပဲ ရတယ်။ အကွာအဝေးကလည်း ဓာတ်မီးအလင်းတန်း ရောက်နိုင်သလောက်ပဲ။
ဝါယာကြိုးသုံးလိုက်တော့ တိုက်ရိုက်မြင်ကွင်းကနေ ကျော်ပြီး ထောင့်ကွေ့တစ်ဖက်ဆီ ဆက်သွယ်နိုင်တဲ့စနစ်တစ်ခု တည်ဆောက်နိုင်ရုံတင်မကဘူး။ အကွာအဝေးကန့်သတ်ချက်ကနေလည်း လွတ်မြောက်သွားပြီ။ ဝါယာကြိုးတွေကို ရှည်သည်ထက်ရှည်အောင် ဆက်ဆွဲရုံနဲ့ မိုင်ရာပေါင်းများစွာ၊ မိုင်ထောင်ပေါင်းများစွာအထိ ဆက်သွယ်နိုင်တယ်။
တကယ်တော့ အဲဒီလောက် မရိုးရှင်းသေးဘူး။ ကြေးဟာ လျှပ်စစ်သယ်ပေးရာမှာ အလွန်ကောင်းတဲ့ conductor ဖြစ်ပေမယ့် အပြစ်ကင်းစင်တာတော့ မဟုတ်ဘူး။ ဝါယာကြိုး ရှည်လေလေ resistance များလေလေ။ Resistance များလေလေ current စီးတာ နည်းလေလေ။ Current နည်းလေလေ မီးလုံးက မှိန်လေလေ ဖြစ်မယ်။
ဒါဆို ဝါယာကြိုးတွေကို အတိအကျ ဘယ်လောက်အထိ ရှည်လို့ရမလဲ။ အခြေအနေပေါ် မူတည်တယ်။ Ground နဲ့ common မသုံးဘဲ မူလဝါယာကြိုးလေးချောင်းပါတဲ့ နှစ်ဘက်ပို့ပတ်လမ်းကို သုံးနေပြီး ဓာတ်မီး battery နဲ့ မီးလုံးတွေ သုံးနေတယ်ဆိုပါစို့။ ကုန်ကျစရိတ်သက်သာအောင် အစမှာ high-end audio amplifier နဲ့ speaker ချိတ်ရာမှာ သုံးလေ့ရှိတဲ့ speaker wire ပေ ၁၀၀ တစ်ခွေ ဝယ်ထားနိုင်တယ်။ Speaker wire ဆိုတာ လျှပ်ကာအုပ်ဝါယာကြိုးနှစ်ချောင်းကို အတူကပ်ထားတဲ့ ကြိုးတစ်စုံဖြစ်လို့ ကျွန်တော်တို့ telegraph system အတွက် သင့်တော်တယ်။ မင်းအိပ်ခန်းနဲ့ သူငယ်ချင်းအိပ်ခန်းကြား ပေ ၅၀ ထက်နည်းရင် ဒီဝါယာတစ်ခွေတည်းနဲ့ လုံလောက်ပြီ။
ဝါယာကြိုးအထူကို American Wire Gauge ဒါမှမဟုတ် AWG နဲ့ တိုင်းတယ်။ AWG နံပါတ် နည်းလေလေ ဝါယာကြိုး ထူလေလေဖြစ်ပြီး resistance လည်း နည်းလေလေပါ။ 20-gauge speaker wire ဝယ်ထားတယ်ဆိုရင် ဝါယာကြိုးကိုယ်တိုင်ရဲ့ အချင်းက ၀.၀၃၂ လက်မလောက်ရှိမယ်။ Resistance က ပေ ၁၀၀၀ မှာ ၁၀ ohms လောက်ရှိပြီး အိပ်ခန်းနှစ်ခန်းကြား အသွားအပြန်အကွာအဝေး ပေ ၁၀၀ အတွက် ၁ ohm ဖြစ်မယ်။
ဒါက လုံးဝမဆိုးဘူး။ ဒါပေမယ့် ဝါယာကြိုးကို တစ်မိုင်အထိ ဆွဲလိုက်ရင်ရော။ ဝါယာကြိုးရဲ့ စုစုပေါင်း resistance က ၁၀၀ ohms ကျော်သွားမယ်။ ပြီးခဲ့တဲ့အခန်းက မီးလုံးမှာ resistance ၄ ohms ပဲရှိတာ ပြန်သတိရပါ။ Ohm’s law နဲ့ တွက်ရင် ပတ်လမ်းထဲက current ဟာ ၀.၇၅ amp—၃ volts ကို ၄ ohms နဲ့စားထားတာ—မဟုတ်တော့ဘဲ ၀.၀၃ amp ထက် နည်းသွားမယ်။ ဒီတစ်ခါ ၃ volts ကို ၁၀၀ ohms ကျော်နဲ့ စားထားတာပါ။ ဒီလောက် current နဲ့ မီးလုံးလင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။
ပိုထူတဲ့ ဝါယာကြိုးသုံးတာက နည်းလမ်းကောင်းတစ်ခုဖြစ်ပေမယ့် စျေးကြီးနိုင်တယ်။ 10-gauge ဝါယာကြိုးက ၀.၁ လက်မလောက် ထူပြီး ပေ ၁၀၀၀ မှာ resistance ၁ ohm၊ တစ်မိုင်မှာ ၅ ohms ပဲ ရှိတယ်။
နောက်ထပ်နည်းတစ်ခုက voltage ကို မြှင့်ပြီး အိမ်မှာအလင်းရဖို့ သုံးတဲ့ မီးလုံးတွေလို resistance အများကြီးပိုမြင့်တဲ့ မီးလုံးတွေ သုံးတာပါ။ ဒီလိုဆို ဝါယာကြိုးတွေရဲ့ resistance က ပတ်လမ်းတစ်ခုလုံးပေါ် သက်ရောက်မှု အများကြီးနည်းသွားမယ်။
အမေရိကနဲ့ ဥရောပတစ်လွှား ပထမဆုံး telegraph system တွေကို ဆွဲတင်ခဲ့ကြတဲ့ ၁၉ ရာစုအလယ်ပိုင်းက လူတွေဟာ ဒီပြဿနာတွေကို ကြုံခဲ့ရတယ်။ ဝါယာကြိုးတွေ ဘယ်လောက်ပဲထူထူ၊ voltage ဘယ်လောက်ပဲမြင့်မြင့် telegraph ကြိုးတွေကို အဆုံးမရှိ ဆက်ဆွဲလို့ မရဘူး။ ဒီနည်းနဲ့ အလုပ်လုပ်တဲ့ system ဆိုရင် မိုင်နှစ်ရာလောက်က အများဆုံးပဲ။ New York နဲ့ California ကြား မိုင်ထောင်ပေါင်းများစွာကို ဖြတ်ဖို့တော့ လုံးဝမနီးစပ်သေးဘူး။
ဒီပြဿနာရဲ့ အဖြေက ဓာတ်မီးတွေအတွက် မဟုတ်ဘဲ ဟိုးအရင်ခေတ် telegraph တွေရဲ့ တခေါက်ခေါက်၊ တချပ်ချပ်အသံတွေအတွက်ပါ။ အဖြေက ရိုးရိုးရှင်းရှင်း သာမန်ကိရိယာလေးတစ်ခု ဖြစ်နေပေမယ့် အဲဒီကိရိယာတစ်မျိုးတည်းကို အခြေခံပြီး computer တစ်လုံးလုံးကိုတောင် တည်ဆောက်လို့ရတယ်။